ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်အား
မြန်မာအစိုးရက ၈ လကြာ ဖမ်းဆီး ထားပြီးနောက် သမ္မတ
ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းက ထိုင်း-မြန်မာ နယ်စပ်၌
ပြန်လည်အပ်နှံ လိုက်ပြီဖြစ်သည်။
ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အနီးတွင် မတ်လ ၂၄ ရက်နေ့၌ ပြန်လည်အပ်နှံခြင်းဖြစ်ကြောင်း KNU ဒုဥက္ကဌ စောဒေးဗစ်တာကပေါ က ပြောသည်။
မန်းငြိမ်းမောင်ကို လွှတ်ပေးခြင်းဖြင့် အစိုးရနှင့် ဆောင်ရွက်နေသည့်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ယုံကြည်မှု ပိုကောင်းလာသည်ဟု သူကဆိုသည်။
၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့က တရုတ်နိုင်ငံ ကူမင်းမြို့မှ
ရန်ကုန်မြို့သို့ လေကြောင်းလိုင်းဖြင့် ရောက် သွားသူ
ပဒိုမန်းငြိမ်းမောင်ကို
နိုင်ငံကူးလက်မှတ် တံဆိပ်တုံးအတုအမှုဖြင့် ဖမ်းဆီးခဲ့ပြီး ရန်ကုန်တိုင်း မင်္ဂလာဒုံ တရားရုံးမှ ထောင်ဒဏ် ၆ လ ချခဲ့သည်။
ထို့နောက် အင်းစိန် မြောက်ပိုင်းခရိုင်တရားရုံးက မတရားအသင်း ပုဒ်မ
၁၇(၁)၊ နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၂ (၁) တို့ဖြင့် မတ်လ ၁၃ ရက်နေ့၌
ထောင်ဒဏ်တသက် ထပ်မံချခဲ့သည်။ မတ်လ ၁၉ ရက်နေ့တွင်မူ သမ္မတ အမိန့်ဖြင့်
ပြစ်ဒဏ်ကျခံခြင်းမှ လွတ်ငြိမ်းခွင့်ရခဲ့ခြင်း
ဖြစ်သည်။
၁၉၆၇ ခုတွင် ကရင် လူငယ်ခေါင်းဆောင်တဦးအဖြစ် ဖမ်းဆီးခံရပြီး
ကိုကိုးကျွန်း အကျဉ်းစခန်းသို့ အပို့ခံခဲ့ရဖူးသူ မန်းငြိမ်းမောင်သည်
လတ်တလော၌ အနားယူရန် လိုအပ်နေကြောင်း သိရသည်။
မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်များတွင် အကျဉ်းကျနေဆဲ KNU အဖွဲ့ဝင်များ၊ KNU နှင့် ဆက်စပ်နေသည့် အရပ်သားများ ထပ်မံ
လွတ်မြောက်လာရေးအတွက် KNU က ဆက်လက်ကြိုးစားသွားမည်ဟုဆိုသည်။








0 comments:
Post a Comment